Advertisement

သင်္ကြန်ကာလ ကျော်လွန်လာသော်လည်း ပြည်အဝေးပြေးကားခ လက်မှတ်နှုန်းထားများ ပိုမိုကောက်ခံမှုများ ရှိနေ:

သင်္ကြန်ကာလ ကျော်လွန်လာသော်လည်း ပြည်အဝေးပြေးကားခ လက်မှတ်နှုန်းထားများ ပိုမိုကောက်ခံမှုများ ရှိနေ

==================
==================

သင်္ကြန်ကာလ ကျော်လွန်သွားပြီဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်အဝေးပြေးကားကြီးဝင်း အတွင်းရှိ အဝေးပြေးကားခနှုန်းထားများ ပိုမိုကောက်ခံမှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလအကျော် နှစ်ဆန်း(၃) ရက် (ဧပြီ ၁၉) ရက်အထိ ပြည်အဝေးပြေးကားဝင်းအတွင်းရှိ အဝေးပြေးကားဂိတ်များတွင် မူလသတ်မှတ်ထားသည့်နှုန်းထားများထက် ပိုမိုကောက်ခံနေဆဲဖြစ်ကြောင်း ခရီးသွားများထံက သိရသည်။

“ခရီးသွားရတာ သင်္ကြန်မတိုင်ခင်ရော အခုသင်္ကြန်အပြီးမှာရော အခက်ခဲတွေ ရှိတယ်၊ ရှေ့နှစ်တွေမှာလည်း ဖြစ်မယ်ထင်တယ်။ ခရီးသွားတွေ အဆင်ပြေဖို့ဆိုရင် ကြိုတင်စီစဉ်မှ ရမယ်ထင်တယ်။ အခုကျတော့ ကျွန်တော်တို့ ရန်ကုန်ကို ပုံမှန်ဆိုရင် ၅၀၀၀ ပေးရတယ်။ အခုကျတော့ ၈၀၀၀ ပေးရတယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတဲ့ ပြည်သူတွေကို ပိုက်ဆံလည်း ပိုပေးရသလို လက်မှတ်ရဖို့လည်း အခက်ခဲဖြစ်တယ်။ အမြဲတမ်းလည်း ကြုံရလေ့ရှိတယ်။ တခြားခရီးသည်တွေလည်း ကားလက်မှတ်တွေ မရဘူး။ ကြိုပြီးမှာလို့လည်း မရဘူး။ ခရီးသွားဦးရေနဲ့ ကားအရေတွက်မမျှဘူး” ဟု ရန်ကုန်ဧည့်သည်လိုက်ပို့သည့် ပြည်မြို့ခံ ကိုပုညက ပြောကြားသည်။

ယခင်ကားခလက်မှတ်နှုန်းထားများမှာ ပြည်-ရန်ကုန် ကျပ် ၅၀၀၀ သတ်မှတ်ထားသော်လည်း တိုးမြှင့်ကောက်ခံသည့်နှုန်းဖြစ်သည့် ကျပ် ၈၀၀၀ ကို ယနေ့အထိ ပေးနေရဆဲဖြစ်ကြောင်း သိရသည်။

“ကားတွေမစုံသေးဘူး။ မစုံသေးတော့ ကားအစီးရေ မပြည့်သေးတော့ ဘုရားဖူးလိုင်းတွေက ပေါက်ဈေးတွေကိုဖျက်ပြီး အတင်းခေါ်တော့ အလှည့်ပြန်မ၀င်နိုင်သေးဘူး။ အရင်တုန်းက ကားအစီးနှစ်ဆယ်ရှိတယ်ဆိုရင် အခုက ရှစ်စီးတောင် မပြည့်သေးဘူး။ ထွက်သွားရင် ဟိုဘက်မှာက ပြန်မထွက်နိုင်မှာစိုးလို့ ဟိုဘက်ဒီဘက်မျှပြီး တက်ပေးရတယ်။ သင်္ကြန်မတိုင်ခင်တုန်းကဆိုရင် ပြည်ဘက်က ခရီးသည်မရှိဘူး။ ရန်ကုန်ကတက်တဲ့ တစ်ကြောင်းပဲရတော့ ကားခဈေးတက်တယ် ဆိုတာက လူများလို့ တက်တာမဟုတ်ဘူး။ မျှပြီးသွားနိုင်အောင် တက်တဲ့လူတွေလည်းပါတယ်။ ကားအစီးရေပြည့်သွားရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ” ဟု ရန်ကုန်-ပြည် အဝေးပြေးယာဉ်လိုင်းဂိတ်မှူး တစ်ဦးက ပြောကြားသည်။

အဝေးပြေးကားဂိတ်များတွင် လိုင်းဝင်ထားသည့်ကားများ ပြန်လည်ဆုံမည့်နေ့ဖြစ်သည့် ဧပြီ ၂၀ ရက်အထိ ကားခနှုန်းထားများ မြင့်တက်နေဦးမည်ဖြစ်ကြောင်း သိရသည်။

ယင်းကားခနှုန်းထားများ တိုးမြှင့်ကောက်နေမှုများနှင့် ပတ်သက်၍ ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီပြည်ခရိုင်ဥက္ကဋ္ဌ ဦးသန်းဌေးက “ကျွန်တော်တို့က အရပ်သား အဖွဲ့အစည်းဖြစ်တဲ့အတွက် အရမ်းကြီးတော့ ယာဉ်လိုင်းတွေ ပိတ်သိမ်းဆိုပြီး ပြောလို့ဆိုလို့ မဖြစ်နိုင်သေးဘူး။ မလုပ်ပါနဲ့ဆိုပြီး မေတ္တာရပ်ခံတဲ့ အနေအထားပေါ့။ အဆင်မပြေတဲ့ ခရီးသည်ရှိရင်တော့ ကားဂိတ်တွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်ပေးပါတယ်။ အမှန်တကယ်ကတော့ ဒီရက်တွေမှာက ပုံမှန်နှုန်းထားပြန် ဖြစ်နေရမှာပါ” ဟု ပြောကြားသည်။

Writer:
ဝေလင်း (ပြည်)

===========

Eleven Media Group

No comments:

Powered by Blogger.